မုဒုံ ဒီဇင်ဘာ ၃
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မသန်းစွမ်သူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မုဒုံမြို့နယ် မသန်စွမ်းသူများအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းချိုက မြန်မာတစ်နိုင်ငံလုံးတွင် အသင်းခွဲပေါင်း ၃၉ မြို့နယ်တွင် ၃၉ သင်းရှိကြောင်း၊ မသန်စွမ်းသူများအခွင့်အရေးနှင့် ပတ်သက်၍ ဥပဒေပေါ်ပေါက်လာပုံအကြောင်းအရာများ၊ မြို့နယ်အသင်းခွဲရုံးစတင်ဖွဲ့စည်းလာပုံနှင့် အသင်းသား ၃၂၃ ဦးရှိကြောင်း၊ မြို့နယ်အသင်းခွဲရုံး၏ ရန်ပုံငွေရရှိမှု အခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကမ္ဘာ့ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မသန်စွမ်းမှုဆိုင်ရာ သဘောတရား၊ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့်မသန်စွမ်းမှုရှိနေသည့် လူသားများဖြစ်တည်နေခြင်း၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မသန်စွမ်းသူများ ပါဝင်လာနိုင်ရန် ဟန့်တားကန့်သတ်ချက်များကို ဖယ်ရှားနိုင်ရန်အတွက် မသန်စွမ်းသူများနေ့ကို သတ်မှတ်ပေးခြင်းဖြစ်ကာ လက်တွေ့ကျသည့် အကောင်အထည်ဖော်မှု တစ်ရပ်ဖြစ် ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)