အုတ်တွင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

အုတ်တွင်း      ဒီဇင်ဘာ     ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိဘုန်းတော်ကြီးကျောင်းဝန်းနှင့် မွန်းလွဲ ၁ နာရီအချိန်က ကြွယ်ဂံကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုကိုက လယ်ယာစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် နွေစပါးစိုက်ပျိုးသောတောင်သူများအတွက် တစ်ဧကလျှင်ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လိုအပ်လျက်ရှိသောသွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့်မျိုးစပါးရရှိစေရေးထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့်ညီမျှသောစပါးများအား တောင်သူများကဒေသကာလပေါက်စျေးအတိုင်း ပြန်လည်ရောင်းချပေးဆပ်စေခြင်းအပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများကိုလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူစိတ်ကြိုက်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ယူထားနိုင်ရေး၊ ကျေးရွာအလိုက်တောင်သူအစုအဖွဲ့များဖွဲ့စည်း၍ ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယဦးစီးမှူးက ကန်ထရိုက်လယ်စနစ်၊ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး သွင်းအားစုအပေါ်စနစ်တကျဖြစ်စေရေးအတွက်လည်းကောင်း၊ ဆည်းမြောင်းဦးစီးဌာန တည်ဆောက်ရေး(၅)မှဦးစီးအရာရှိဦးသစ်လွင်က ဆည်ရေမှတစ်ဆင့် စိုက်ပျိုးရေရရှိစေရေးအတွက်လည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စန်းဦးက ကျေးရွာများမှအသင်းသားချေးငွေများပြေကျေစေရေးအတွက်လည်းကောင်း၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူးဒေါ်မြင့်မြင့်ခိုင်က အချိန်စေ့လွန်ကြွေးကျန်များပြေကျေစေရေးအတွက်လည်းကောင်း တာဝန်ရှိသူများက အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည့်အကြောင်းအရာများနှင့် တင်ပြလိုသည်များကိုမေးမြန်းတင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)