၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကန့်ဘလူမြို့၌ ကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခန့်က လူထုစုပေါင်းလမ်းလျှောက်ခြင်းကို တပျော်တပါးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသောင်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ် ၅ ရပ်ကွက်မှအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ပြည်သူများ စုစုပေါင်း ၇၀၀ ခန့်တို့က ပိတောက်သိင်္ဂီခန်းမရှေ့စုရပ်မှ စတင်ထွက်ခွာ၍ ဗိုလ်ချုပ်လမ်း၊ တပင်ရွှေထီးလမ်းအတိုင်းလျှောက်ကာ ရွှေပြည့်စုံဆိုင်ထောင့်မှ တပင်ရွှေထီးလမ်းအတိုင်း ပြန်လည်လျှောက်ခဲ့ကြပြီး ဘူတာလမ်းမှတစ်ဆင့် မဟာရွှေစည်ကြီးစေတီတော်ဝန်းအထိလျှောက်ကာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ဒီဇင်ဘာလတွင် အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)