ဖျာပုံ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူများပါဝင်သောအဖွဲ့မှ ဒီဇင်ဘာလ လူထုစုပေါင်း လမ်းလျှောက်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လေ့ကျင့်ခန်းများပြုလုပ်ခြင်းကို ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၅)နာရီအချိန်ကဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ အထက(၁) ကျောင်းရှေ့မှ စတင်ဆောင်ရွက်ကြသည်။
အဆိုပါ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အားကစားပြိုင်ပွဲနှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လေ့ကျင့်ခန်းများပြုလုပ်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား/ ကျောင်းသူများနှင့်ပြည်သူများသည် ဖျာပုံမြို့၊ အမှတ် (၁၂)ရပ်ကွက်၊ အထက(၁)ကျောင်းရှေ့မှစတင်ကာ၊ (၅)လမ်းတစ်လျောက်၊ (၅)လမ်းမှစာတိုက်လမ်း၊ စာတိုက်လမ်းမှ ဒုတိယလမ်း၊ ဒုတိယလမ်းတစ်လျောက်မှ ပြည်သူ့အားကစားကွင်းအတွင်း အားကစားပြိုင်ပွဲနှင့် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ကြပြီး၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)