ပဲခူးမြို့တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ပဲခူး ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊  အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်    ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှကျင်းပ ပြုလုပ်သည့် ဒီဇင်ဘာလ (ပထမအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်ပြီး ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရှေ့မှစတင်၍ တောင်ငူလမ်း၊ ရှင်စောပုလမ်း၊ ရွှေမော်‌‌ဓော ဘုရားလမ်း၊ ဟင်္သာလမ်းနှင့်    ဟံသာဝတီယူနိုတ်တက် ဘောလုံးကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊   ကျောင်းသား/ ကျောင်းသူသူများ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား (၁၅၀၀၀)ဦး‌ခန့် တက်ရောက်ကြပြီး  လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများအား ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက ‌ကောက်ညှင်းပေါင်း/ လက်ဖက်ရည်များဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)