မြင်းမူမြို့နယ်တွင် ကုလားပဲ(၁၄၁၂၅)ဧက စိုက်ပျိုးထားရှိပြီးဖြစ်

မြင်းမူ ဒီဇင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အနေဖြင့် ၂၀၂၂ -၂၀၂၃ ခုနှစ်စိုက်ပျိုး ရာသီအတွက် ကုလားပဲဧက (၁၄၁၂၅)ကို  စိုက်ပျိုးထားရှိပြီးဖြစ်ရာ ပဲစိုက်ခင်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ယခုနှစ်အတွက် ကုလားပဲဧက(၁၃၂၂၂)ကို စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ (၁၄၁၂၅) ဧက ထိစိုက်ပျိုးနိုင်ခဲ့ရာ ဒေသခံတောင်သူများအနေဖြင့် ပဲစိုက်ဧက(၉၀၃)ကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် အဓိကအားဖြင့် ဒေသရာသီဥတုနှင့်ကိုက်ညီပြီး   အထွက်နှုန်းပိုမိုကောင်းမွန်သည့် ရေဆင်း(၈)နှင့် ရေဆင်း(၁၁)မျိုးကို ရွေးချယ်စိုက်ပျိုးကြကြောင်းနှင့် မြို့နယ်အနေဖြင့် ယမန်နှစ်စိုက်ပျိုးရာသီတွင်လည်း ကုလားပဲဧက(၁၄၃၁၈)ကို စိုက်ပျိုးခဲ့ရာ အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ကုလားပဲစိုက်ပျိုးရာတွင် မျိုးစေ့/ထွန်ရှင်းခနှင့် ဆေးဖိုးအပါအဝင် ငွေကျပ်(၃)သိန်းကျော် ကုန်ကျမှုကြောင်း၊ ယမန်နှစ်စိုက်ပျိုးခဲ့စဉ်က (၁)ဧကလျှင်(၁၉)တင်းနီးပါး ထွက်ရှိခဲ့ပြီးဝယ်ယူသည့် ဈေးနှုန်းသင့်တင့်သည့်အတွက် အမြတ်ငွေရရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်းထွက်ရှိမှုနှင့် ဈေးနှုန်းကောင်းရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်း ကုလားပဲစိုက်ပျိုးလုပ်ကိုင်သူ ဦးသဲမောင်မောင်ထံမှ သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)