ဒေးဒရဲမြို့၌ ‌ကျောင်းအခြေပြုမီးဘေး လုံခြုံရေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

ဒေးဒရဲ ဒီဇင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ‌မီးဘေးအန္တရာယ်‌ကြောင့် ပျက်ဆီးဆုံးရှုံးမှုများမှ  ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးသတ်ဆေးဗူးအား အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ‌ကျောင်းအခြေပြု မီးဘေးလုံခြုံရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁) ‌အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုးက မီးအခြေခံသဘောတရား၊ မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သော အကြောင်းများ၊ မီးဘေးအန္တရာယ်အကြောင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်း သတ်ခြင်းများအား အသိပညာပေး ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှုများအား ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အေဇာလင်း