ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လည်ပိုင်းက ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်စက်မှုမြို့တော်စီမံကိန်းသို့ သွားရောက်၍ ဆန်ဖြူချော ထုတ်လုပ်နေမှုအခြေအနေ၊ ဆန်စက်ယူနစ်အသစ်များ တိုးချဲ့တပ်ဆင်နေမှု အခြေအနေနှင့် စပါးခွံလောင်စာသုံး Gasifierဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် မီးဖိုတပ်ဆင် နေမှုအား လည်းကောင်း၊ အထည်ချုပ်စက်ရုံ(၂)ရုံ အဆောက်အဦ အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအား လည်းကောင်း၊  ကောက်ပဲသီးနှံမျိုးစုံ သိုလှောင်ရောင်းဝယ်ရန်နေရာ (Commodity Trade Center)သိုလှောင်ရုံ အဖြစ်အသုံးပြုမည့် အဆောက်အဦအား လည်းကောင်း၊ ဆန်စက် တည်ဆောက်ရန် ဆောက်လုပ်နေမှုအားလည်းကောင်း၊ ယာယီ အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရန် MV MCL-19 သင်္ဘောတွင် ဆန်တင်ဆောင် ပြီးစီးမှုအား လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ စက်မှုမြို့တော်စီမံကိန်း ဒုတိယဥက္ကဋ္ဌက စီမံကိန်းလျာထားမှု၊ တိုးတက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား လိုက်လံရှင်းလင်း တင်ပြသည်။

ယင်းနောက် ပုသိမ်စက်မှုမြို့တော် စီမံကိန်းရုံး အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ စီမံကိန်းဒုတိယဥက္ကဋ္ဌက စီမံကိန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနေမှုများ စသည့် စီမံကိန်းအကြောင်းအရာ အကျဉ်းချုပ်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စက်မှုမြို့တော် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိပါကြောင်း၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်နေပြီဖြစ်သဖြင့်  အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာ အသီးသီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားရန်” ပြောကြားသည်။

ထို့နောက် စီမံကိန်း ဒုတိယဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း ရှင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)