ချောင်းဦးမြို့နယ်၌ဆောင်းသီးနှံကုလားပဲစိုက်ခင်းများဖြစ်ထွန်းအောင်မြင်

ချောင်းဦး ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ကုလားပဲသီးနှံကို နှစ်စဥ်ဧက ၃၀၀၀၀ ခန့် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင်လည်း ကုလားပဲသီးနှံအား ဧက ၃၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့အထိ ၅၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးခဲ့ကာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း၊ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆက်လက် စိုက်ပျိုးနေကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။

ကုလားပဲသီးနှံအား ဒေသအတွင်း စိုက်ပျိုးမှုများပြားပြီး မြို့နယ်တွင်းဒေသခံများ၏ စားသုံးမှုလွန်စွာ များပြားကြောင်း၊ Export သီးနှံဖြစ်သဖြင့် ပြည်ပတင်ပို့ရပါက နိုင်ငံခြားဝင်ငွေ ရရှိနိုင်သည့်အပြင် စျေးကွက်အလားအလာ ကောင်းနိုင်မည်ဖြစ်ကြောင်း၊ ကုလားပဲအား မြန်မာ့ထမင်းပွဲများတွင် ဟင်းလျာတစ်ခုအနေဖြင့် ထည့်သွင်းစားသုံးနေကြသည့်အပြင် ကုလားပဲပင် အရွက်အား ဟင်းချိုချက်ရန် စျေးကွက်အတွင်း ရောင်းချရခြင်းကြောင့် အပိုဝင်ငွေရရှိသဖြင့် တောင်သူများ လက်မလွှတ်တမ်း စိုက်ပျိုးနေကြကြောင်း သိရသည်။

ကုလားပဲသီးနှံ စိုက်ပျိုးအောင်မြင်စေရေး၊ အထွက်နှုန်း တိုးတက်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ ဓာတုဆေးများ သုံးစွဲမှုလျော့ချပြီး သဘာဝပိုးတားဆေးများ ပြုလုပ်သုံးစွဲရေး နည်းပညာပေးလုပ်ငန်းများကို ကုလားပဲစိုက် တောင်သူများအား ပညာပေး ဆွေးနွေးလျက် ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)