ပုသိမ် ဒီဇင်ဘာ ၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် မြေပြင်နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော်ရာတွင် e-ID စနစ်အတွင်း မှတ်ပုံတင် ထည့်သွင်းထားသော အိမ်ထောင်စု လူဦးရေ စာရင်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီး၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းရှိ ပုံစံ(၆၆/၆) အိမ်ထောင်စု လူဦးရေ စာရင်း တစ်ခုချင်းနှင့် တိုက်ဆိုင်၍ ပဏာမမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုသိမ်မြို့ပေါ် ရပ်ကွက်အသီးသီး၌ မြေပြင်စာရင်း တိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၂)နယ်မြေ၊ အုန်းတောရပ်ကွက်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများက ပူးပေါင်း၍ မြေပြင်စာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျှက်ရှိရာသို့ ရောက်ရှိပြီး "e-IDစနစ်အတွင်း မှတ်ပုံတင်ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေ စာရင်း၊ ပုံစံ (၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၌ပါရှိသော အချက်များ ကိုက်ညီမှန်ကန်မှုမရှိပါက သက်ဆိုင်ရာ လဝကရုံးသို့ သွားရောက်ဆောင် ရွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာဌာနအနေဖြင့်လည်း အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ကောက်ယူပြုစု ထားသည့်စာရင်း မှန်ကန်မှသာ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်အတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မည် ဖြစ်ပါကြောင်း၊ ယခုပဏာမ မြေပြင်တိုက်ဆိုင် စစ်ဆေးမှုအရ တွေ့ရှိရသည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်၍ ဖြေရှင်း ဆောင်ရွက်ပေး ကြရန်”မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်း ဒေသကြီးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ခြေစမ်းဘောလုံးပြိုင်ပွဲအား ညနေပိုင်းတွင် ကိုးသိန်းဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ခြေစမ်းဘောလုံးပြိုင်ပွဲမစတင်မီ ဒိုင်လူကြီးများ ဦးဆောင်၍ နှစ်ဖက်ကစားသမားများ ကွင်းအတွင်းဝင်ရောက် နေရာယူကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နှစ်ဖက်အသင်းမှ အားကစားသမားများ၊ ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်များနှင့် တစ်ဦးချင်း မိတ်ဆက်ပေးသည်။ ယင်းနောက် ခြေစမ်းပွဲအား ဧရာဝတီ(က)အသင်းနှင့် ဧရာဝတီ(ခ) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧရာဝတီ(က)အသင်းက ဧရာဝတီ(ခ) အသင်းအား ၄ ဂိုး- ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)