သထုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက မီးခိုးမြူငွေ့ အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သထုံခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းက လေထုညစ်ညမ်းမှုဖြစ်စေသည့် အကြောင်းရင်းများ၊ ကမ္ဘာကြီး၏ အဘက်ဘက်မှယိုယွင်းပျက်စီးနေမှုများနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ အကြောင်းအရင်းတစ်ခုဖြစ်သည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာရသည့် အခြေခံအကြောင်းရင်းများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များနှင့် မီးခိုးမြူငွေ့များကြောင့် လူသားတို့အပါအဝင် သက်ရှိသက်မဲ့ သယံဇာတအရင်းအမြစ်တို့အပေါ် ဆိုးရွားသည့် အကျိုးသက်ရောက်ရောက်မှုများ၊ တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် သစ်တောသစ်ပင်ပျက်စီးမှု၊ မြေဆီလွှာပျက်စီးမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ စသည့် မီးခိုးမြူငွေ့ အန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)