ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

စစ်တွေ  ဒီဇင်ဘာ ၁

ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အဆင့် ဌာနဆိုင်ရာအားလုံးရှိ ဝန်ထမ်းများ ဆောင်ရွက်နေရသောငွေစာရင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စာရင်းအင်း ကိန်းဂဏန်း အချက်အလက်ဆိုင်ရာ ပညာရပ်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်တကွ ဝန်ထမ်းများ သိရှိသင့်သည့် ပညာရပ်ဆိုင်ရာများကို သိရှိနားလည်ပြီးမှန်ကန်စွာ အသုံးချနိုင်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ရုံးလုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ယခုသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်ခဲ့သည့်အချိန်တွင် အဆိုပါ ရည်မှန်းချက်များကို အပြည့်အဝမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ပေါက်ရောက်အောင်မြင်ခဲ့ပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်မျှော်လင်းမိပါကြောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ဆက်လက်ဖွင့်လှစ် မှာဖြစ်ပြီး ကျန်ရှိနေသောဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား (၅၀) ဦး ဆက်လက်တက်ရောက်ကြရမည် ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ရရှိသော အတွေ့အကြုံများအပေါ်အခြေခံပြီး နောက်လာမည့်သင်တန်းများကို တစ်ခုပြီးတစ်ခုပိုမို တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများ၏ အကြံပြုချက်များကိုလည်း နောင်ဖွင့်လှစ်မည့်သင်တန်းများတွင် ပြုပြင်သင်သည်များကို ပြုပြင်နိုင်ရေး အတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို အောင်မြင်ပြီးမြောက်ခဲ့ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ မိမိတို့ဆည်းပူးရရှိခဲ့သော အသိပညာဗဟုသုတများကို ထပ်ဆင့်ဖြန့် ဝေရန်နှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများကလည်း မိမိတို့ရုံးနှင့် လက်အောက်ခံရုံး အသီးသီးတွင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ မြင့်မားလာစေရေး၊ ဌာနဆိုင်ရာကိန်းဂဏန်းများ မှန်ကန်စေရေးနှင့် စာရင်းစစ်ကန့်ကွက်ချက်များ လျှော့ချနိုင်ရေးအတွက် တာဝန်ရှိကြောင်းနှင့် တာဝန်ယူကြရန် အသိပေးပြောကြားလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်းတွင် ဆုရရှိကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် သင်တန်းဆရာများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်များ ‌ပေးအပ်ကြသည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နံနက်စာသုံးဆောင်ခဲ့ကြသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီး ဌာန၊ အဖွဲ့အစည်း ၁၆ ခုမှ သင်တန်းနည်းပြ (၂၆) ဦးတို့က ဘာသာရပ်(၁၈) ခုကို သင်ကြားပို့ချခဲ့ကြကာ ဌာန၊ အဖွဲ့အစည်း (၄၈) ခုမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)