ရမ်းဗြဲ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြသည်။
အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို “ပညာရေးဖြင့်ခေတ်တိုးတက်သော ရခိုင်ပြည်ကြီးကိုတည်ဆောက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းပန်းချီပြိုင်ပွဲကို “သာစွဌာနေရခိုင်ပြည်နယ်” ခေါင်းစဉ်ဖြင့်လည်းကောင်းယှဉ်ပြိုင်ကြပြီး၊ စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကို “ရခိုင်ပြည်နယ်တိုးတက်ရေးနှင့်လူငယ်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့်၌ “ရခိုင်ပြည်နယ်သာယာဖို့ ဒို့တွေအားလုံးကြိုးပမ်းစို့” ခေါင်းစဉ်တို့ဖြင့်ကျင်းပပြုလုပ်ရာ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ(၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီးနောက် စာစီစာကုံးပြိုင်တွင် အလယ်တန်းနှင့် အထက်တန်းအဆင့်မှ ကျောင်းသား/ကျောင်းသူ(၂၉)ဦး ဝင်ရောက်ဖြေဆိုယှဉ်ကြသည်။
ထို့သို့ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို လာမည့်(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်