ကြံခင်းမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကျင်းပ

ကြံခင်း ဒီဇင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်-(၁) အခြေခံပညာ အထက်တန်းကျောင်းကြီးရှေ့ အားကစားကွင်းတွင် မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းရွေးချယ်ကြကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် မြို့နယ်ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဦးဆောင်မှူဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ကာယ၊ ဉာဏ ဖွံ့ဖြိုးမှုအား စစ်ဆေးရွေးချယ်ခဲ့ရာ Grade (9) တန်းမှ (၃၂) ဦး၊ Grade (10) တန်းမှ (၁၄) ဦးနှင့် Grade (11) တန်းမှ (၁၂) ဦးစုစုပေါင်း (၅၈) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရာတွင် နိုဝင်ဘာ (၂၈) ရက်နေ့က မြန်မာစာနှင့် အင်္ဂလိပ်စာမေးခွန်းအားလည်းကောင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့က အထွေထွေဗဟုသုတ ဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်းအားလည်းကောင်း၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါနှင့် တာဝန်ရှိသူများက ကြံ့ခိုင်မှုစွမ်းရည် (၅) မျိုး စစ်ဆေးပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ရာ မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၆) ဦးရွေးချယ်ခံရပြီး ခရိုင်အဆင့်ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

 မြို့နယ် (ပြန်/ဆက်)