မော်လမြိုင် ဒီဇင်ဘာ ၁
၂ဝ၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး ဘောလီဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မွန်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား/အမျိုးသမီး ဘောလီဘောအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား/အမျိုးသမီး ဘောလီဘောအသင်းတို့မှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာမွန်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံး အသင်းနှင့်အမျိုးသား/ အမျိုးသမီးဘောလီဘောအသင်းမှ အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ဂါရဝပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီးကိုယ်ကာယကြံ့ခိုင်စေရန်၊ အားကစားလှုပ်ရှားမှုများမှာပါဝင်ကြရန် အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ အားကစားသမားများအနေနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားကြရန် လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကိုပေါင်းစပ်၍ စိတ်ဓါတ်ကောင်းမွန်ခြင်းကိုအခြေခံပြီး တရားမျှတစွာဝင်ရောက် ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးနိုင်ရုံမျှမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံကြိုးစားသွားကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြား ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းနှင့်အမျိုးသား/အမျိုးသမီး ဘောလီဘောအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်၍ အသင်းတာဝန်ရှိသူများမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများနှင့် လေ့ကျင့်ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြကာ ပြိုင်ပွဲဝင်ဘောလုံးအသင်းနှင့် ဘောလီဘောအသင်းအတွက် ဂုဏ်ပြုထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)