ကန့်ဘလူ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် အားကစားကဏ္ဍ တိုးတက်မြင့်မားရေးနှင့် ကျောင်းပညာရေးအပြင် ဘက်စုံထူးချွန်သော လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ကျောင်းသား အားကစားပြိုင်ပွဲများအား ဒီဇင်ဘာ ၃ ရက်မှ ၅ ရင်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ပြေးခုန်ပစ်အားကစားနည်း ( ၆) မျိုး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ် နှင့် ဘောလီဘော အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်း၌လည်းကောင်း၊ ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့် ဘောလီဘောပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။
ယင်းအားကစားပြိုင်ပွဲများမှ အားကစားနည်းအလိုက် ထူးချွန်သော အားကစားသမားများကို ရွေးချယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ ကျောင်းသား အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)