ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၃၀

​မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား ဝက်ဝံကျေးရွာအုပ်စု၊ မြိုင်ကြီးကျေးရွာ ကွင်းအမှတ်-၇၀၁၊ ဦးပိုင်အမှတ်(၃၁)ရှိ တောင်သူ ဦးမြင့်သောင်း၏ လယ်တွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

​၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ လယ်သမားများ တက်ရောက်ခဲ့သည်။

အဆိုပါ ပြင်ဦးလွင်မြို့နယ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တစ်ဧက အထွက်နှုန်း (၁၂၈)တင်း နှုန်း ထွက်ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)