မြို့သစ် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်း၍ ဓာတ်အားပြည့်ဝစွာသုံး စွဲနိုင်ရန်အတွက် မြို့နယ်အတွင်း ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသော ဓာတ်အား လိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လိုင်းတာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့က ဖြစ်ပွားနိုင်သည့် လျှပ်စစ်အန္တရာယ်နှင့် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းကျဆင်းရေး၊ ပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း ကျေးရွာများသို့ ဖြန့်ဖြူးပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို စနစ်တကျ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ကာ ယိုင်လဲနေသော ဓာတ်အားလိုင်းတိုင်များ ပြန်လည်တည့်မတ်ခြင်း၊ ကြံ့ခိုင်မှုအားနည်းသော ကြွေသီးများ အစားထိုး အသစ်လဲလှယ်ခြင်းများကို ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်အတွင်း ဖြန့်ဖြူးပေးထားသော လျှပ်စစ် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးပြီး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြု ရန်ပုံငွေဖြင့် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)