ကြက်သွန်နီ လက်လီဈေး(၁)ပိသာလျှင် ငွေကျပ်(၄၆၀၀)အထိ မြင့်တက်လာ

မြင်းမူ နိုဝင်ဘာလ ၂၉

မြန်မာ့အစားအစာများ ချက်ပြုတ်ရာတွင်မပါမရှိ   ဟင်းခပ်ပစ္စည်းဖြစ်သည့်   ကြက်သွန်နီဈေးသည် ကြက်သွန်နီအဟောင်းကုန်ချိန် ဖြစ်သည့် အားလျှော်စွာစစ်ကိုင်းခရိုင်၊  မြင်းမူမြို့တွင် ကြက်သွန်နီဟောင်းဈေးမှာ ဆက်တိုင်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ကြက်သွန်စိုက်ပျိုးရာတွင်(၁)ဧကလျင် ငွေကျပ်(၁၀)သိန်းကျော် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး(၄)လအကြာတွင် တူးဖေါ်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် ကြက်သွန် အချိန်(၅၀၀၀) အထိရရှိနိုင်ကြောင်း၊ ကြက်သွန်နီစတင်ထွက်ရှိချိန်တွင် (၁)ပိသာလျှင် ငွေကျပ်(၆၀၀) ဝန်းကျင်ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင်ဈေးကျသွားခြင်း မရှိဖြစ်ခဲ့ရာ လက်ရှိ ဈေးမှာ(၁)ပိသာလျှင် (၄၆၀၀)ကျပ်ထိ ရောက်ရှိနေကြောင်း၊ ဥစိုက်အသစ်များ စတင်ထွက်ရှိ နေသော်လည်း ဈေးကွက်တွင်(၃၀၀၀)ကျပ် ဈေးပေါက်နေကြောင်းနှင့် စိုက်ပျိုးထားကြသည့် ကြက်သွန်များ ထွက်ရှိပါက ဈေးများပြန်လည်ကျ ဆင်းနိုင်ကြောင်း၊ ထီးဆောင်းကျေးရွာမှ ကြက်သွန်နီစိုက်ပျိုးလုပ်ကိုင်သူ ဦးဇော်လင်းဦးထံမှသိရှိရသည်။

မြင်းမူမြို့နယ်အတွင်းရှိ  ထီးဆောင်းကျေးရွာ၊  ခြေယာတော်ကျေးရွာ၊  ကျော့မင်းကျေးရွာ အလ္လကပ္ပကျေးရွာနှင့် ပဲကူကျေးရွာတို့မှာနှစ်စဉ် ကြက်သွန်နီကို အဓိကထားကာ စီးပွားဖြစ်စိုက်ပျိုးကြပြီး  ဈေးကွက်တင်ပို့သည့်ကျေးရွာများဖြစ်ကြောင်းသိရသည်။

အောင်စိုးဖေ(မြင်းမူ)