ကသာ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကသာမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာရပ်များ ရေးဖြေ စစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ် ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကိုလည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်)ကို Grade-9 ကျောင်းသား(၇)ဦး ကျောင်းသူ (၇)ဦး၊ ပေါင်း(၁၄)ဦး၊ Grade-10 ကျောင်း သား(၃)ဦး ကျောင်းသူ(၃)ဦး၊ ပေါင်း (၆)ဦးနှင့် Grade -11 ကျောင်းသား(၃)ဦး ကျောင်းသူ (၃)ဦးပေါင်း(၆)ဦး၊ စုစုပေါင်း (၂၄)ဦး ပါဝင်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ကြီးကြပ်ရေး အဖွဲ့က မှန်ကန်စွာ စိစစ်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရှိရသည်။
ကျော်စွာ(ကသာ)