ဖျာပုံမြို့၊ မြို့မစျေး(၃)ထပ် အထပ်မြင့်စျေး ပြန်လည်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ဖျာပုံ နိုင်ဝင်ဘာ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်(၂)ရပ်ကွက် မြို့မစျေး(၃)ထပ် အထပ်မြင့်စျေးရုံ အသစ်ပြန်လည်တည်ဆောက်ရန် တင်ဒါအောင်မြင်ခဲ့သည့် Royal lnnovative Construction ကုမ္ပဏီမှစတင် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၈)အချိန်က ဖျာပုံမြို့မြို့မစျေးသစ် ဆောက်လုပ်မည့်နေရာတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့မစျေး(၃)ထပ် အထပ်မြင့်စျေးပြန်လည် တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ Royal lnnovative Construction ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့မစျေးကော်မတီဝင်များမှ မင်္ဂလာအချိန်တွင် မြို့မစျေး(၃)ထပ် အထပ်မြင့်စျေးသစ် ပြန်လည်တည်ဆောက်မည့် မြေနေရာတွင် ပန္နက်ရိုက်ခြင်း၊ အမွှေးနံ့သာရည်များပက်ဖျန်းခြင်းတို့ ပြုလုပ်ဆောင်ရွက်ကြသည်။

အဆိုပါ မြို့မစျေး အသစ်ပြန်လည်တည်ဆောက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၀၀.၀ သန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၀၀.၀ သန်း စုစုပေါင်းငွေကျပ် (၄၀၀.၀) သန်းထည့်ဝင်ပြီး၊ စျေးသူစျေးသားများမှငွေကျပ် (၈၉၉.၀)သန်းထည့်ဝင်၍ စုစုပေါင်းကုန်ကျငွေကျပ် (၁၂၉၉.၀) သန်းဖြင့် ဘဏ္ဍာရေးနှစ်(၂)နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ မြို့မစျေး ဆောက်လုပ်ရေးတင်ဒါအောင်မြင်သည့် Royal lnnovative Construction ကုမ္ပဏီမှ လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြန်လည်တည်ဆောက်မည့် စျေးမှာအလျား(၁၂၆)ပေ၊ အနံ(၇၂)ပေရှိ (၃)ထပ်စျေးကြီးဖြစ်ကြောင်း ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှသိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံ ခရိုင် (ပြန်/ဆက်)