မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညားပေး ဟောပြောပွဲကျင်းပ

မြောက်ဦး နိုဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့က ဗန္ဓုလရပ်ကွက်၊ အ.မ.က (မူလွန်)ကျောင်း၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဌေးမှ "ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏အန္တရာယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် ပလတ်စတစ်သည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အသုံးပြုနေရသည့် ပစ္စည်းဖြစ်နေသော်လည်း မျက်မှောက်ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်တို့သာမက ဂေဟစနစ် တစ်ခုလုံးကို ဘေးဥပဒ်ပေးနိုင်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ ဖြစ်လာသည်။ ပလတ်စတစ်၏ အဓိကပြသနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ပျောက်ကွယ်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေသောကြောင့် ပတ်ဝန်းကျင်ထိခိုက် စေနိုင်သည့် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်၊၊

ဆက်လက်၍ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်မမဌေးမှလည်း ကမ္ဘာကြီးပူးနွေးလာခြင်း၏ ဆိုးကျိုးအကြောင်းသိကောင်းစရာ အကြောင်းအရာများကို ကျောင်းသူ/ ကျောင်းသားများအား ပြောကြားခဲ့ပြီးနောက် အမှိုက်များကို အမျိုးအစားခွဲခြားစွန့်ပစ်ရန်၊ ပလတ်စတစ်အိတ်နှင့် ဗူးခွံများကို ခွဲခြားစွန့်ပစ်ရန်၊ ပြန်လည်အသုံးပြုနိုင်သည့် စွန့်ပစ်ပစ္စည်းများ၊ အမှိုက်အစို၊ အမှိုက် အခြောက်ခွဲခြား၍ အမှိုက်ပုံးအသီးသီးတွင် စနစ်တကျ စွန့်ပစ်ရန်တို့ကို အသိပညာပေးဟော ပြောခဲ့သည်။

ထို့နောက် အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၈၁)ဦးတက်ရောက်ခဲ့ပြီး  အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ အသိပညာပေး စာအုပ် စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)