မုဒုံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မုဒုံ နိုဝင်ဘာ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကိုကျင်းပရာ ကော်မတီတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် NGO အဖွဲ့အစည်းများ တက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အမှာစကားပြောကြားပြီး၊ မုဒုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက မုဒုံမြို့နယ်အတွင်းရှိ ကလေးသူငယ်မှုခင်းများ၊ ကလေးသူငယ်အမှုများနှင့်ပတ်သက်၍ ကြီးကြပ်သူအစီရင်ခံစာတင်သွင်းနိုင်မှုအခြေအနေ၊ စစ်ဆေးဆဲလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အမှုများအခြေအနေ၊ မုဒုံမြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်လိုသည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်ဆန်ကုန်သည်များအသင်းဥက္ကဋ္ဌတို့မှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)