မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- မွန်ပြည်နယ်အတွင်း စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သူများအား ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်

မော်လမြိုင်  နိုဝင်ဘာ ၁၇

မွန်ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် ကျရာနေရာက စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုသော အားဖြင့် ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများတက်ရောက် ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အများပြည်သူ အကျိုးအတွက် မိမိအသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ   စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများ၊ တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရခဲ့သူများနှင့် အသက်ဆုံးရှုံးခဲ့ရသူများအား စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ရဲသူရတံဆိပ်နှင့် ရဲဗလတံဆိပ်များ ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံရေးသည် အဓိက အရေးကြီးသလို တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် ဒေသတွင်း စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍအသီးသီးတွင်လည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ပြည်သူလူထုရဲ့အေးချမ်းသာယာမှုကို ထိပါးနှောင့်ယှက်မှုများ မဖြစ်ပွားစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အတွင်း စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သူများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)