သုံးခွ နို၀င်ဘာ ၁၅
၂၀၂၂- ခုနှစ်၊ နို၀င်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်"အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီအချိန် က ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေး က နို၀င်ဘာ ၁၇ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် Talk Show ကိုကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားပြီ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင် က ၁၉၂၀ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ကျွန်ပညာရေး စနစ်ကို ကျောင်းသား/သူများ မနှစ်သက်သည့်အတွက် သပိတ်မှောက်၍ဖြစ်ပေါ်လာသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ၁၉၂၀ ခုနှစ်တွင် ပြဠာန်းခဲ့သော ရန်ကုန်တက္ကသိုလ်အက်ဥပဒေအရ မြန်မာနိုင်ငံတွင် ယုတဿန်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ဟူ၍ သာရှိပြီး ဗြိတိသျှအစိုးရက ကောလိပ်နှစ်ခုကိုပေါင်း၍ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ရန်အတွက် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိုရေးဆွဲရာတွင် ချမ်းသာကြွယ်၀သောမိသားစု၀င်များ၏ သားသမီးများသာ သင်ယူစေခြင်း၊ တက္ကသိုလ်အပ်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ်ထားခြင်း၊ ကျောင်းအိပ် ကျောင်းစားဖြစ်ရမည်ဟု သတ်မှတ်ခြင်းတို့ကြောင့် အင်္ဂလိပ်အစိုးရ ရေးဆွဲထားသော ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိုမကျေနပ်သည့် အတွက်ကျောင်းသား/သူများက သပိတ်မှောက်ခဲ့ရာ တစ်နိုင်ငံလုံးရှိ ပြည်သူများ ပါ၀င်လာခဲ့ကြသည်။ စတင်သပိတ်မှောက်သောနေ့ကို ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည့်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)