ဘူးသီးတောင်မြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က အ-မ-က မြို့မစေတီတောင်(သစ်)ကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အမျိုးသားရေးစိတ်ဓာတ်ရှင်သန်တက်ကြွစေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “အမျိုးသားနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ်ကျောင်းသားများ ကန့်ကွက်ဆန္ဒပြသည့်နေ့ဖြစ်ကြောင်း၊ ပထမကျောင်းသားသပိတ်စတင်မှောက်သောနေ့ရက်ကို အမျိုးသားရေးအမှတ်တရအဖြစ် “အမျိုးသားနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကို အကျယ်တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာအုပ်၊ စာစောင်များငှားရမ်းပေးခြင်း၊ ပုံပြင်များပြောပြခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှကျော်