ကျောက်ဖြူ နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာသို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အထက(ခွဲ) အလက(၂)မြို့မကျောင်းနှင့် အထက(၃) ကျောင်းများသို့ သွားရောက်ပြီး ၎င်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ အဆိုပါဝန်ထမ်းများသည် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်၍ အငှားယာဉ်မောင်းနှင်နေသူများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ် လာသူများကို သတင်းစကား အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ၂၈-၁၁-၂၀၂၁ ရက်တွင်(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း ၂၃-၁-၁၃၆၄ ရက်နေ့ ဖဆပလပြည်လုံးကျွတ် ညီလာခံကြီးတွင တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နှုတ်ချက်၊ အမျိုးသားရေးအားမာန်၊ ရန်ကုန် ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များနှင့် ကဗျာဆရာ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံ အမျိုးသားအားမာန် ကဗျာနှင့် သရုပ်ဖော်ကာတွန်းများ စသည်တို့ ပါရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)