မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်နေမှု အားကြည့်ရှုအားပေး

မော်လမြိုင် နိုဝင်ဘာ  ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် တောင်ရိုးတန်း (View Point) လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်၊ ကုန်းလမ်းပို့ဆောင်ရေး၊ မီးသတ်၊ လဝက၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို နို၀င်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းများကို မော်လမြိုင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများဖြင့် တောင်ရိုးတန်း View Pont မှစ၍ တောင်ရိုးတန်းလမ်းတစ်လျှောက်ရှိ ခြုံနွယ်၊ အမှိုက်များအား ရှင်းလင်းရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပသော မြို့နယ်များဖြစ်လာစေရန် အပတ်စဉ်ပြည်သူလူထုပါဝင်သော စုပေါင်းသန့်ရှင်းရေးများကို စေတီ၊ ပုထိုးများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်များ၊ ကျေးရွာများတွင် ဆောင်ရွက်သလို၊ မြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)