နေရပ်ပြန် မြန်မာမိသားစုသုံးဦး ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်

ကော့သောင်း  စက်တင်ဘာ၁၉

မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုသုံးဦး  ယမန်နေ့မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။

အဆိုပါမိသားစုများမှာ ကော့သောင်းမြို့ခံများဖြစ်ကြပြီး  အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကာ ကိုဗစ်-၁၉ ကာလမဖြစ်မီအချိန်က ပြည်ပတွင်ကျန်းမာရေးစစ်ဆေးရန်သွားရောက်ခဲ့ရာမှ ကိုဗစ်-၁၉ ထိန်းချုပ်မှုကာလအတွင်း ထိုင်းနိုင်ငံရနောင်းမြို့တွင် ပိတ်မိနေခဲ့ကြသူများ ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ် ညှိနှိုင်းမှု၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံအလုပ်သမားသံရုံး၏ အကူအညီဖြင့်  ပြန်လည် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် NGO အဖွဲ့အစည်းများက ရောဂါသံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံ သား မဟုတ်သူများ ပါဝင်လာခြင်း ရှိ/မရှိ စစ်ဆေး လက်ခံခဲ့ကြပြီး ကော့သောင်းမြို့၌ Hotel Quarantine (၂၁)ရက် နှင့် Home Quarantine (၇)ရက် ထားရှိစောင့်ကြည့်ကာ ၎င်းတို့၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေး သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

ကျော်စိုး (ကော့သောင်း)