ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက  ၁၀၉၉၉ လျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း        နိုဝင်ဘာ        ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၀၉၉၉ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

"ယခုနှစ်ဆောင်းသီးနှံဆီထွက်သီးနှံအဖြစ် နေကြာသီးနှံကိုစိုက်ပျိုးထားပါတယ်၊ အခြားတောင်သူတွေလည်း မြေပဲ၊ နှမ်းနဲ့နေကြာတို့ကို သီးသန့်စိုက်ပျိုးထားသလိုသီးညှပ်အနေနဲ့လည်း စိုက်ပျိုးထားပါတယ်၊ ဦးလေးက ယခုနှစ်ဆောင်းသီးနှံနေကြာ(၄)ဧကနဲ့ အခြားဆီထွက်သီးနှံ နှမ်းကိုထပ်မံစိုက်ပျိုးထားဖို့ပြင်ဆင်နေပါတယ်"ဟုဆောင်းသီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း(၄၄၅၂)ဧက၊ မြေပဲ(၅၇၁၇)ဧကနှင့် နေကြာ(၈၃၀)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း၊ တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများအချိုးကျသုံးစွဲနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက နည်းပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)