ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

ခေါင်လန်ဖူး စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ရခီဖူးကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ယခုကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီအချိန်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် တောင်ပေါ်ဒေသများရှိ ဒေသခံများအနေဖြင့် ဆေးရုံသို့ လာရောက်ရာတွင် အခက်အခဲများ ရှိနေသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီက ပြောကြားခဲ့သည်။

ထို့နောက် ရခီဖူးကျေးရွာရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို မြို့နယ်ဆရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတို့က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)