ကြို့ပင်ကောက်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ထိန်းချုပ်နိုင်ရေး ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းပြုလုပ်

ကြို့ပင်ကောက်  နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်သွားလာနေကြသော ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့လယ်နာရီစင်လမ်းစုံတွင် ဆောင်ရွက်ခဲ့သည်။   

အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သွားလာနေကြသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခြင်းမှကာကွယ်နိုင်ရန် အပြင်ထွက်သွားလာတိုင်း ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုငြမ်းထံမှ သိရသည်။

ထိုသို့ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်းနှင့်ဝန်ထမ်းများ ဌာနဆိုင်ရာအကြီးအကဲများက နေစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခုငါးရာအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)