ပလောက် စက်တင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်း အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည(၇)နာရီခန့်က ပလောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များကပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးသည့် ဂိတ်တွင် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော် ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွား လာနေကြသည့် ခရီးသွားပြည်သူများကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း၊ တိုင်းဒေသကြီး ပြင်ပမှ တိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသည့် ခရီးသွားပြည်သူများအား ခရီးသွားထောက်ခံချက် စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို နေ့စဉ် (၂၄)နာရီ နေ့/ည ဂျူတီခွဲဝေချထားကာ အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
နှင်းမြူလွင် (ပလောက်)