ပဲခူး နိုဝင်ဘာ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်း အမှတ်စဉ်(၁၀) နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်းသို့) တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများအား ထောက်ပံ့ငွေချီးမြှင့်ခြင်းနှင့် သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် လူမျိုးပေါင်း(၁၀၀)ကျော်နှင့် ပေါင်းစည်းဖြစ်တည်နေသည့် ပြည်ထောင်စု နိုင်ငံတော်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုကြီးအတွင်း နေထိုင်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများအားလုံး ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်ဖြင့် သေတပန်သက်တစ်ဆုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အတူတကွလက်တွဲ ပူးပေါင်းနေထိုင် သွားကြမည် ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အစဉ်ထာဝရ ကိန်းအောင်းနေရမှာဖြစ်သလို ရောက်ရှိရာဒေသမှာလည်း ပြည်ထောင်စု စိတ်ဓာတ်ထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်း၌ အခြားပြည်နယ်/တိုင်းဒေသကြီး အသီးသီးက တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံကြရမှာ ဖြစ်သည့်အတွက် ယဉ်ကျေးသိမ့်မွေ့စွာ တစ်ဦးနှင့်တစ်ဦး လေးစားရိုသေရန်၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် နိုင်ငံတော်၏ ဦးတည်ချက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိမိတို့ဒေသသို့ ပြန်လည်ရောက်ရှိသည့် အခါ တိုင်းရင်းသား ညီအစ်ကိုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်တို့က သင်တန်းသား/သင်တန်းသူ(၁၉)ဦး တို့အတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား/သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)