ပူတာအိုခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး

ပူတာအို     စက်တင်ဘာ     ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ယခုကာလသည် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု၊ ထိခိုက်မှု များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန ဝိုင်းဝန်းအကြံပြု ဆွေးနွေးစေ လိုကြောင်း၊ ဆွေးနွေးအကြံပြုချက်များကို ခရိုင်ကော်မတီမှတစ်ဆင့် ပြည်နယ်ကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက ကျန်းမာရေးဌာနအနေဖြင့် လက်ရှိ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ကော်မတီဝင်များက ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြသည်။ ယင်းအကြံပြုဆွေးနွေးချက်များကို ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ အတည်ပြုချက် ရရှိရေး ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပြန်/ဆက်)