ညောင်လေးပင် နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ တက်ရောက်လာသော ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သတ်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ထွေးမှ စားသုံးသူရေးရာနှင့်သက်ဆိုင်သောအကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းမုန့်စျေးတန်းတွင်ရောင်းချလျက်ရှိသော မုန့်များအား စားသုံးသူရေးရာဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းများနှင့်ကိုက်ညီမှုရှိမရှိ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်