ဂွ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာစိုက်ခင်းတွင် ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဦးပိုင်(၄၄)၊ ကွင်းအမှတ်(၂၉၇)ရှိ တောင်သူဒေါ်နီနီဦး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သံတွဲခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မိုးမြင့်က ပြည်သူများစားနပ်ရိက္ခာဖူလုံရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး ဆန်စပါးများ စိုက်ပျိုးထုတ်လုပ်ရခြင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က တောင်သူများအနေဖြင့် သီးနှံများအထွက်နှုန်းတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး အထောက်အပံ့များအား အကျိုးရှိရှိအသုံးပြုဆောင်ရွက်နိုင်ရေးကို လည်းကောင်း အဖွင့်အမှာစကားများတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး (၀.၁၀)ဧကစံကွက်အား ရိတ်သိမ်းခြင်းနှင့် ဧကအထွက်ချိန်တွယ်ပြသခြင်းများကိုဆောင်ရွက်ခဲ့ရာ မိုးစပါးတစ်ဧကလျှင် စပါးတင်းအစို ၁၁၅ တင်းနှင့် အခြောက်တင်း ၁၀၇ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်