ပဲခူးမြို့၌ တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူး နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့တွင် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းတွင် တန်ဆောင်တိုင်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်း၍ တန်ဆောင်းမုန်းလပြည့်နေ့တွင် ဗုဒ္ဓအသံသာသနာ့ဗိမာန်တော်ကြီး အတွင်းရှိ စတုဒီသာမဏ္ဍပ်၌ ဘုရားဖူးလာပြည်သူများ၊ MSMEs ဈေးရောင်းပွဲတော်လာ ပြည်သူများနှင့် တန်ဆောင်တိုင်ပွဲသို့ လာရောက်ကြသည့် ဒေသခံများနှင့်အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား စတုဒီသာကျွေးမွေး ဧည့်ခံနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝန်းတွင် ကျင်းပသော နိုင်ငံကျော် အဆိုတော်များ၏ တေးဂီတဖျော်ဖြေ တင်ဆက်နေမှုများအား ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြသည်။ ယင်းနောက် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ဆက်လက်ကျင်းပရာ ဒေသခံပြည်သူများနှင့် တိုင်းရင်းသားများက  ဗုဒ္ဓမြတ်စွာဘုရားအား ရည်မှန်း၍ မီးစင်္ကြာဖြင့် လှည့်လည်ပူဇော်ခဲ့ပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု မီးပုံးပျံအား စတင်မီးညှိ၍ လွှတ်တင်ပေးခဲ့ပြီး မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များနှင့် တိုင်းရင်းသား အကအဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်ကြီးတွင် အရုပ်မီးပုံးပျံ(၄)လုံး၊ အထိမ်းအမှတ်ရုပ်ပုံပါ စိန်နားပန်မီးပုံးပျံအကြီး(၁၂)လုံးနှင့် မီးပုံးပျံ အသေးအလုံး (၁၃၀၀)တို့အား စည်ကားသိုက်မြိုက်စွာ လွှတ်တင်ခဲ့ပြီး စတုဒီသာအနေဖြင့် လူဦးရေ (၁၀၀၀၀)ခန့် အား ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)