ကျိုက်မရော နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ ဦးဆောင်ကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်နိုင်က သင်တန်းဖွင့် လှစ်ပေးရခြင်း၏ အဓိက ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်အိကလျာနိုင်က သင်တန်းတွင် ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင် ထုတ်လုပ်မှုနည်းပညာများကို စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသူများအနေဖြင့် ကောင်းစွာလေ့လာ သင်ယူတတ်ဖို့လိုကြောင်းနှင့် သင်တန်းအပြီးတွင် မိသားစု တစ်ပိုင်တစ်နိုင် ထုတ်လုပ်ပြီး စီးပွားဖြစ်ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် သင်ကြားပြသပေးမည့် နည်းပြဆရာမများက သင်တန်းတွင် ထုတ်လုပ်သင်ကြားပေးမည့် အခြေခံပစ္စည်းများနှင့် မိတ်ဆက်ပေးပြီး ပထမနေ့ ဘာသာရပ်တွင် ကျောက်ဖရုံယို ထိုးနည်းကို လက်တွေ့သင်ကြားပြသခဲ့သည်။
အဆိုပါ “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင် ထုတ်လုပ်မှု နည်းပညာသင်တန်းကို နိုဝင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေထိ (၅) ရက် ကြာသင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ နိတုံကျေးရွာနှင့် မြကုန်းကျေးရွာတို့မှ သင်တန်းသူ (၁၈) ဦး တက်ရောက်လျက်ရှိ ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)