အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

သထုံ နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ သမိုင်းနှင့်ဆောင်ရွက်ချက်များ၊ ဝန်ထမ်းများအနေဖြင့် ဌာန၏သမိုင်းကို မညှိုးနွမ်းရအောင် ထိန်းသိမ်းဆောင်ရွက်ကြရေးတို့ကို အမှာစကားပြောကြားသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား ဝန်ထမ်းဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအား (၃၄)နှစ်မြောက် နှစ်ပတ်လည်‌နေ့အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)