၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ

ထားဝယ် နိုဝင်ဘာ ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁ဝ)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ (ပထမနှစ်၊ ဝိဇ္ဇာ/သိပ္ပံ) သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသားများ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးမှအတည်ပြုရွေးချယ်ထားသည့် ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ဒီဂရီကောလိပ်သင်တန်းဝင်ခွင့်ရမောင်တို့မယ်တို့အနေဖြင့် မကြာမီအချိန်တွင် သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ သွားရောက်ကြရမှာဖြစ်သည့်အတွက် သွားရောက်စဉ်လမ်းခရီး၌ ကြီးကြပ်သူ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ၏ မှာကြားချက်များ၊ ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသော ကိုဗစ်စည်းကမ်းချက်များအား လိုက်နာရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံတက်ရောက်ရသော ကျောင်းတော်ကြီးများဖြစ်သည့်အတွက် သင်တန်းမှစာပေပညာရပ်များကိုသာမက ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်များနှင့် ခေတ်နှင့်လျော်ညီသည့် အတတ်ပညာဘာသာရပ်များကိုပါသင်ကြားမှာဖြစ်သောကြောင့် သင်ကြားပေးသောပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့်သင်ယူကြရန်နှင့် မောင်/မယ်များအနေဖြင့် တာဝန်ထမ်းဆောင်မည့်လုပ်ငန်းခွင်အထိ လိုက်နာကျင့်သုံးကြရန်မှာကြားလိုကြောင်း၊ ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေသင်ကြားပေးသော နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သော အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးသောနေရာဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နှင့် စစ်ကိုင်းတို့ကို ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသားလူငယ်များအား ပြည်ထောင်စုစိတ်ဓာတ်ကိုမွေးမြူပေးပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်စေရန် တစ်နိုင်ငံလုံးအကြားအလပ်မရှိဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဒေသများဖွံ့ဖြိုးရေးလုပ်ငန်းများ၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်ကြားပေးသည့်ဘာသာရပ်များနှင့် ပညာရပ်များကို အလေးအနက်ထားသင်ယူဆည်းပူးပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို ထာဝစဉ်စောင့်သိရိုသေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထွန်းကားပြန့်ပွားရေးအတွက် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်ရင်းလုပ်ကိုင်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သင်တန်းသွားရောက်ကြမည့် သင်တန်းသားများအား စုစုပေါင်းငွေကျပ် (၂၆)သိန်း(၅)သောင်းအား ထောက်ပံ့ပေးအပ်ပြီး သင်တန်းသူ/သားများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်