သာစည်မြို့ ၁၀၃ ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ရေစက်ချတရားနာယူ

သာစည် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊  သာစည်မြို့တွင် ၁၀၃ ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်ချတရားနာယူပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကထိန်ပွဲကျင်းပပြုလုပ်ရာ အမှတ်(၅)ရပ်ကွက် ရှင်မာလဲဘုရားဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

လှူဖွယ်ပစ္စည်းဆပ်ကပ်လှူဒါန်းပွဲကို  နမောတဿ  သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သာယာကုန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပုညဓဇထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကာ ကြွရောက်လာသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်သည်။ ဆက်လက်ပြီး ကထိန်အာနိသင်မရရှိသေးသော ကျောင်း ၇ ကျောင်းမှ ဆရာတော်များထံ ဌာနဆိုင်ရာများနှင့်အလှူရှင်များက ကထိန်သင်္ကန်းနှင့်လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး  သာယာကုန်းကျောင်းတိုက်ဆရာတော်ထံမှ ကထိန်အနုမောဒနာ ရေစက်ချတရားနာယူကြသည်။

၁၀၃ ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ငွေပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၅၅ သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရပြီး မြို့ပေါ်ကျောင်းပေါင်း ၁၈ ကျောင်းကို တစ်ကျောင်းလျှင်နဝကမ္မအလှူငွေ ၆၆၆,၀၀၀ ဆပ်ကပ်လှူဒါန်းပြီး  ကထိန်အာနိသင်မရရှိသေားသော ကျောင်း ၇ ကျောင်းကို  အဆိုပါနဝကမ္မအပြင် ကျောင်းတိုက်များရှိ ရဟန်းတစ်ပါးလျှင် ဝတ္ထုငွေ ၁၃၆,၀၀၀ ကျပ်နှင့်ရှင်သာမဏေတစ်ပါးလျင် ဝတ္ထုငွေ ၅၀,၀၀၀ ကျပ်ကပ်လှူကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်