ထားဝယ် နိုဝင်ဘာ ၈
၂ဝ၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တတိယဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီးဘောလုံးအသင်းနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး ဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့်အခြေအနေအား ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များဆွတ်ခူးနိုင်ခြင်းသည် မိမိတိုင်း၊ မိမိဒေသ၏ ဂုဏ်အဆင့်အတန်းကိုမြင့်မားတိုးတက်စေသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုလိုထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးသည် ဘောလုံးအားကစားနည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်သည့် အစဉ်အလာရှိသောတိုင်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် အသက်(၁၆)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုဆွတ်ခူးနိုင်ခဲ့ကြောင်း၊ ရန်ကုန်မြို့မှာကျင်းပသည့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲတွင် တိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် ဘတ်စကက်ဘော အဖွဲ့အနေဖြင့် ပထမ၊ အသက်(၂၅)နှစ်အောက်အနေဖြင့် ဒုတိယရရှိခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးဘောလုံးအသင်းနှင့် ဘတ်စကက်ဘောအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရချီးကျူးဂုဏ်ပြုပါကြောင်း ဘောလုံးအသင်းနှင့် ဘတ်စကက်ဘောအသင်းအနေဖြင့် ရရှိပြီးသောအောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်လိုအပ်ကြောင်း၊” “တရားသဖြင့်ယှဉ်ပြိုင် နိုင်အောင်ကြိုးပမ်း” “ယှဉ်ပြိုင်လျှင်နိုင်ရမည်” ဆိုသည့်ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းတွေဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ဘတ်စကက်ဘောပြိုင်ပွဲမှ ပထမဆုရရှိသော ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အသက်(၁၆)နှစ်အောက်ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၂၄)သိန်း၊ ဂိုးသမား အကောင်းဆုံးဆုရရှိသော မောင်သူရဇော်အား ဂုဏ်ပြုဆုငွေကျပ်(၁)သိန်း၊ ပထမတံခွန်စိုက်ဆုရရှိသော အသက်(၁၈)နှစ်အောက်အမျိုးသမီးဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုဆုငွေကျပ်(၁၀)သိန်း၊ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော အသက်(၂၅)နှစ်အောက်အမျိုးသမီးဘတ်စကက်ဘောအသင်းအား ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းအားပေးအပ်ကာ အားကစားအဖွဲ့များကိုယ်စား အဖွဲ့ခေါင်းဆောင်ဦးတင့်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်