ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဘူးသီးနှင့် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေ

ပွင့်ဖြူ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံဖြစ်သည့် ဘူးသီးနှင့်ကျောက်ဖရုံသီးနှံအား တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ အဓိကစိုက်ပျိုးတဲ့ စားဖိုဆောင်သီးနှံတွေကတော့  ဘူး၊ ကျောက်ဖရုံ၊ ခရမ်းချဉ်၊ ခရမ်းစိမ်း၊ ခရမ်းညို၊ ပန်းမုံလာ၊ မုံလာဥဖြူ၊ ကြက်ဟင်း ခါး၊ ရွှေဖရုံ၊ သခွါး၊ ပိန်းဥ၊ အာလူး၊ ကြက်သွန်၊ ငရုတ်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ကိုက်လံ၊ ဆူးပုပ် နဲ့ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးတို့ကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။  စားဖိုဆောင်သီးနှံစိုက်ပျိုးရေးတွင် ဘူးသီးနှင့် ကျောက်ဖရုံသီးနှံ  စိုက်ပျိုးရေး လုပ်ငန်းကလည်း အောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းလည်း ကောင်းတယ်။ လက်ရှိမှာ ဘူးသီးနဲ့ ကျောက်ဖရုံသီးက အလုံးအကြီး/ အသေး ပေါ်မူတည်ပြီး ငွေကျပ် (၁၅၀၀ ၊ ၂၀၀၀) ခန့် ရောင်းချနေရလို့ နေ့စဉ်မိသားစု အပိုဝင်ငွေရရှိပြီး စီးပွားရေး တွက်ခြေပါတယ်" ဟု ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ စိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဘူးသီးနှင့် ကျောက်ဖရုံသီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် တစ်နှစ်ပတ်လုံး အသီးသီးသော အပင်ဖြစ်ကာ အကြီးမြန်သော နွယ်ပင်တစ်မျိုးလည်းဖြစ်၍ စနစ်တကျစိုက်ပျိုးပါက မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိစေသော သီးနှံများပင်ဖြစ်သည်။ ဘူးသီးနှင့် ကျောက်ဖရုံသီးနှ့ စိုက်ပျိုးရေးလုပ်ငန်းသည် မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့်တစ်ကျင်း သုံးပေခန့်ခွါ၍ မျိုးစေ့ချစိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀) ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြား တစ်ကြိမ်ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး (၃)လ အကြာတွင် ရောင်းတန်းဝင် ဘူးသီးနှင့် ကျောက်ဖရုံသီးများကို လှိုင်လှိုင်ဆွတ်ခူး ရောင်းချရကြောင်း သိရသည်။

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)