မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဆီမီး ၁ဝဝဝ ပူဇော်ပွဲစတင်ကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် တန်ဆောင်တိုင်ဆီမီး ၁ဝဝဝ ပူဇော်ပွဲကို နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီအချိန်က စတင်ကျင်းပပြုလုပ်ကြောင်း သိရသည်။

“နှစ်စဉ် တန်ဆောင်မုန်းလတန်ဆောင်တိုင်ပွဲတော်ကာလတိုင်း ကျင်းပမြဲဖြစ်တဲ့ ဓမ္မသုခရွှေစည်း ခုံစေတီတော်ရင်ပြင်တော်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲကို တန်ဆောင်းမုန်လဆန်း ၁၄ ရက် ညနေ ၆ နာရီအချိန်က စတင်ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့တွေမှာ သုံးရက်တိုင် ထွန်းညှိပူဇော်ပြုလုပ်သွားမှာပါ။ ဆီမီးတစ်ထောင်ပူဇော်ထွန်းညှိဖို့အတွက် ဒေသခံစေတနာရှင်အလှူရှင် မိသားစု ၃ စု က လှူဒါန်းပူဇော်တာဖြစ်ပါတယ်” ဟု ဓမ္မသုခရွှေစည်းခုံစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုးက ပြောသည်။

မိတ္ထီလာမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကာလ၌ သမိုင်းဝင်ရွှေမြင်တင်စေတီတော်၊ ဇေယျမုနိကျောက်တော်ကြီးဆုတောင်းပြည့်ဘုရားနှင့် ဘုရားစေတီတော်များတွင် ဆီမီးထွန်းညှိပူဇော်ခြင်းများကို အလှူရှင်စေတနာရှင်များက စုပေါင်းထွန်းညှိပူဇော်ကြပြီး နဂါးမဟာဗောဓိစေတီတော်တွင် မသိုးသင်္ကန်းပြိုင်ရက်ပူဇော်ပွဲနှင့် ဆွမ်းသပိတ်လောင်းလှူပွဲ၊ မိုးကောင်းဆုတောင်းပြည့် အန္တကူရေလယ်စေတီတော်တွင် မီးကြာ ၅ဝဝဝ လွှတ်မျှောပူဇော်ပွဲများကိုလည်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ချမ်းသာ