ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်နေ့(နေ့ထူးနေ့မြတ်) အခါသမယမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဘုရားစေတီပုထိုးများတွင် ဆီမီထွန်းညှိကြသူများနှင့် စတုဒီတာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
"ဒီနေ့က ဗုဒ္ဓဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့ ကျွန်တော်တို့ဆီမှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ဘုရားစေတီ၊ ပုထိုးများသို့သွားရောက်ပြီး ဆီမီးထွန်းညှိ ပူဇော်ကြသူများနဲ့ ကြာဇံဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကျောက်ကျောမုန့်အစရှိတဲ့ မြန်မာ့ရိုးရာမုန့်လျာများနဲ့ စတုဒီတာကျွေးမွေးကြသူများနဲ့ စည်ကားလျက်ရှိပါတယ်။ မြို့ပေါ်မှာရှိတဲ့ ဘုရားတွေဖြစ်တဲ့ ရွှေဘုံသာဘုရား၊ ပြည်လုံးချမ်းသာဘုရား၊ ဆုတောင်းပြည့်မြစေတီဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းအချို့မှာ စေတနာအလှူရှင်များက တန်ဆောင်မုန်းလပြည့်နေ့ (နေ့ထူးနေ့မြတ်)အဖြစ် ကုသိုလ်ကောင်းမှုပြုသည့်အနေနဲ့ မြန်မာ့ရိုးရာမုန့်ဟင်းလျာများနဲ့ စတုဒီတာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားပါတယ်။ ဒါ့အပြင် သာသနာ့သမိုင်းဝင် တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်၊ မဟာဃောသိတာရုံဝိဟာရစေတီတော်၊ ပါဝါရုံရွှေပန်းမြိုင်စေတီတော်၊ ကုဣဋာရုံမြို့စဖိုစေတီတော်တို့မှာလည်း ကျေးရွာတွေက စေတနာအလှူရှင်များက စတုဒီတာကျွေးမွေးလှူဒါန်းခြင်း၊ ဆီမီးထွန်းညှိပူဇော်ကြသူများဖြင့် စည်ကားလျက်ရှိနေပါတယ်" ဟု ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်မှ ဦးမျိုးမြင့်အောင်က ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် နှစ်စဉ်တန်ဆောင်တိုင်ရုံးပိတ်ကာလ တန်ဆောင်မုန်းလပြည့်နေ့ (နေ့ထူးနေ့မြတ်)ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုရားစေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဒေသခံပြည်သူများက မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခြင်း၊ မြန်မာ့ရိုးရာမုန့်လျာများဖြင့် စတုဒီတာကျွေးမွေးလှူဒါန်းခြင်းနှင့် တရားဘာဝနာပွားများခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)