ဆိပ်ဖြူမြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်း၊ စာရေးတန်မဲများ ကပ်လှူပူဇော်ပွဲကျင်းပ

ဆိပ်ဖြူ နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်း၊ စာရေးတန်မဲများကပ်လှူပူဇော်ပွဲကို ယမန်နေ့ (တန်ဆောင်မုန်လပြည့်နေ့)နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပပြုလုပ်ကြပြီး  (၁၈၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဘုရားရင်ပြင်တော်ရှိ တန်ဆောင်းများ၌ ဆွမ်း၊ စာရေးတန်မဲ(ဆွမ်းလုံး)များ ဆပ်ကပ်လှူဒါန်းမည့် အလှူရှင်များ၊ ဗုဒ္ဓပူဇနိယပွဲတော်လာ ဘုရားဖူးပြည်သူများအား စတုဒိသာမုန့်ဟင်းခါး၊ ဆီထမင်းနှင့် ရာသီပေါ် မယ်ဇလီဖူးသုပ်များ တည်ခင်းလှူဒါန်းကြသည့် အလှူရှင်များဖြင့် စည်ကားလျက်ရှိသည်။

 (၁၈၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးများနှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များ ကြွချီတော်မူခဲ့ပြီး နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး အံ့ကျော်နှင့်ဇနီး မိသားစုအရာရှိစစ်သည်များ မိသားစုဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးအံ့ကျော်နှင့်ဇနီးမိသားစု အရာရှိစစ်သည်များ၊ မိသားစုဝင်များက ရွှေမင်းဝန်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ်ဆယ်သိန်းနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား အလှူငွေကျပ်၃သိန်းနှင့် ဆွမ်းသင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဗိုလ်မှူးကြီးအံ့ကျော်နှင့်အဖွဲ့သည် တန်ဆောင်းအသီးသီး၌ ဆွမ်း၊ စာရေးတန်မဲ(ဆွမ်းလုံး)များ ဆက်ကပ်လှူဒါန်းမည့် အလှူရှင်များ၊ စတုဒိသာလှူဒါန်းကြသည့် အလှူရှင်များ၊ ဘုရားဖူးလာပြည်သူများကို ရင်းနှီးစွာနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍  ရှေးဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်း၊စာရေးတန်မဲများကပ်လှူပူဇော်ပွဲအခမ်းအနားကိုကျင်းပရာ ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းထွေးက ဆွမ်းစာရေးတန်မဲ(ဆွမ်းလုံး)များ ဆက်ကပ်လှူဒါန်းမည့်အစီအစဉ်များလျှောက်ထားခဲ့ပြီး ဆွမ်းစာရေးတန်မဲ(ဆွမ်းလုံး)များ ဆက်ကပ်လှူဒါန်းမည့် အလှူရှင်များ၏ ပင့်ဆောင်ရမည့် ဆရာတော်သံဃာတော်စာရင်းများကို မဲဖောက်ရွေးချယ်ပေးသည်။ ထို့နောက် ဆွမ်းစာရေးတန်မဲ(ဆွမ်းလုံး)များ ဆက်ကပ်လှူဒါန်းသည့် အလှူရှင်များက ဆရာတော်သံဃာတော်များအား ဆွမ်းစာရေးတန်မဲ(ဆွမ်းလုံး)များ လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(IPRD)