ကျိုက်လတ် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ်သူ၊ မြို့နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ရပ်ရွာအေးချမ်းသာယာ ဖွံ့ဖြိုးစေရေးရည်ရွယ်၍ အမှတ်(၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၂၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို တန်ဆောင်မုန်းလပြည့်နေ့ ညနေ (၃)နာရီက စတင်၍ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်းသို့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲကို (၅)ဖြတ်လမ်းနှင့် ဦးပြုံးချိုလမ်းမကြီးထိပ်ရှိ မုခ်ဦးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေ၊ အတွင်းရေးမှူးရဲမှူး စိန်လွင်အောင်နှင့် စန္ဒာမုနိမြတ်စွာဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမှိုကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဦးပြုံးချိုလမ်းမကြီးမှစတင်၍ အမှတ်(၁)ရပ်ကွက်၊ ၂၈ လမ်းအထိ လည်းကောင်း၊ အမှတ်(၂၊ ၃၊ ၄) ရပ်ကွက်များရှိ သတ်မှတ်ထား သောလမ်းများမှ အမှတ်(၅)ရပ်ကွက် ၁၉ လမ်းအထိလည်းကောင်း၊ လမ်းမတော်လမ်းမှ ပြန်လှည့်၍ စန္ဒာမုနိမြတ်စွာဘုရားကြီး အထိလည်းကောင်း၊ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီလှည့်လည် အပူဇော်ခံခဲ့ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များအား မိဘပြည်သူများက ဖူးမျှော်ကြည်ညိုကြပြီး အလှူငွေနှင့်ပန်း၊ အမွှေးတိုင်၊ ဖယောင်းတိုင်စသည့် လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းကုသိုလ်ယူသူများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ လှည့်လည်အပူဇော်ခံပွဲအပြီးတွင် အကောင်းဆုံး ဥပသကာဆုများကို ပေးအပ်ခဲ့ပြီး မြို့နယ်သဘင် အစည်းအရုံးက ဘုရားဖူးလာ ပြည်သူများအား တေးသီချင်းများ ဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြ ကြောင်းသိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)