မုဒုံ နိုဝင်ဘာ ၆
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၏ ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ကာ စေတီတော်အတွင်း ရက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို မုဒုံမြို့နေ ဦးကျော်ကျော်ဦး၊ ဇနီးဒေါ်ကြည် ကြည်ဋ္ဌေး (ရူပါမွန်) မိသားစုမှ ရက်ကန်းစင်လေးစင်နှင့် လှူဒါန်းငွေကျပ် စုစုပေါင်း ခန့်မှန်း ကုန်ကျငွေကျပ် (၄၅) သိန်းဖြင့် ရက်လုပ် လှူဒါန်းပူဇော် သွားမည်ဖြစ်ရာ ယနေ့ည(၆) နာရီတွင် မြို့နယ်အတွင်းရှိ ကန်ကြီးစေတီတော်၊ နောင်တော်ကြီးစေတီတော်၊ သင်္ဘောဦး စေတီတော်၊ ကျိုက်ကမော့လေး တောင်ပေါ်စေတီတော်၊ တောင်ခြေစေတီတော်၊ ဆုတောင်းပြည့်စေတီတော်နှင့် ပြည်တော်အေး ဆုတောင်းပြည့်စေတီတော် ဘုရားတို့တွင် ဆက်ကပ်ပူဇော်သွားမည် ဖြစ်သည်။
မုဒုံမြို့နယ်တွင် ရှေးနှစ်များ၌ မသိုးသင်္ကန်း ရက်ကန်းခက်ပြိုင်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ ည ဆုတောင်းပြည့်စေတီတော်ရှေ့တွင် ရပ်ကွက်/ကျေးရွာများ ကိုယ်စားပြု အသင်းအဖွဲ့များတို့မှ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ပြုလုပ်ကျင်းပခြင်းမရှိသည်မှာ သုံးနှစ်တိုင်တိုင် ရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်တွင် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ မိန့်ကြားမှု အလှူရှင်များ၏ အစီစဉ်ဖြင့် ပြုလုပ်ကျင်းပရကြောင်း၊ ဘုရားဖူးဧည့်သည်တော် ပြည်သူများအနေဖြင့်လည်း ကန်ကြီးစေတီတော် ဖူးမြှော်ကြည်ညိုနိုင်ရန်အတွက် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
သားငယ် (ပြန်/ဆက်)