မြောင်းမြ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ၂၀၂၁-၂၀၂၂ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က စကြာသီဟ၊ စကြာနန္ဒ စေတီတော်ဝန်းအတွင်းရှိ ထွန်းညွှန့်ရတနာ စံကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ပြီး အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ နိုင်ငံတော်ဗဟိုဝန်ဆောင် အလယ်တောရ ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဘဒ္ဒန္တ ပညာသီဟ ဆရာတော်ကြီးထံမှ သရဏဂုံ(၃) ပါးနှင့် တကွ ငါးပါးသီလခံယူခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ သာသနာတော် ဆိုင်ရာ လျှောက်ထားချက်များ လျှောက်ထားခြင်း၊ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး များ၏ ထေရုပ္ပတ္တိအား ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တု အစုစု တို့အား ဆက်ကပ်လှူဒါန်းခြင်း၊ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတစ်ဦး အပါအဝင် စုစုပေါင်း ၅၈ပါးအား ဂုဏ်ပြုလက်မှတ်နှင့် လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ် လှူဒါန်းခြင်း၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပင့်လျှောက်ထားသော ပင့်သံဃာဆရာတော်ကြီး (၁၆)ပါး၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာသင်/စာချ ဆရာတော်(၃၇)ပါး၊ စာမေးပွဲတွင် ကြီးကြပ်ဆရာတော် (၃၀) ပါး တို့အား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းပြီးနောက် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ နိုင်ငံတော်သံဃာ မဟာနာယက၊ ဇေယျမေဒနီ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒဝရ ထံမှ ရေစက်ချတရားတော်နှင့်တကွ နိဂုံးချုပ် သြဝါဒကထာ တို့အား ချီးမြှင့်မိန်ကြားတော်မူပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား မြောင်းမြမြို့ပေါ်ရှိ (၁၆)ရပ် ကွက် အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက စုပေါင်း၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။
မြောင်းမြ(ပြန်/ဆက်)